ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းများကို ပြေလျော့မှုများရှိပေမယ့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ပြည်တွင်းကူးစက်မှုတွေ ထပ်ဖြစ်ပွားလာတာကြောင့် ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက ဆော်ဪထားပါတယ်။
မြန်မာပြည်တွင်း ကိုဗစ်-၁၉ ရောဂါပိုး ပြန်လည်တွေ့ရှိမှု ပိုမိုဖြစ်ပွားလာကာ ဩဂုတ်လ ၁၆ ရက်နေ့ကနေစပြီး ၂၁ ရက်နေ့ ညနေအထိ ပြည်တွင်းကူးစက်မှု ပိုးတွေ့လူနာ စုစုပေါင်း (၅၁) ဦးရှိနေပြီဖြစ်ခြင်းက စိုးရိမ်ဖွယ်ဖြစ်ပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း သွားလာကြသူများအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အယောက်စီတိုင်းလိုက်နာလုပ်ဆောင်ကြဖို့ ညွှန်းကြားထားပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့ကနေစပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းများကို ဖြေလျော့ပေးထားကာ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းကိုလည်း ရက်လျော့ထားခြင်းများရှိပြီး လွတ်လပ်စွာပြန်လည်သွားလာခွင့်ပြုထားသလို ဩဂုတ်လ ၂၁ ရက်နေ့ကစပြီး ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ကျန်းမာရေးစောင့်ကြည့်ခံသူမရှိတော့ကြောင်း တာဝန်ရှိသူများက ပြောဆိုထားပါတယ်။
ကေအိုင်အိုထိန်းချုပ်နယ်မြေတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် လူဦးရေ (၂၅၀၀) ကျော်အထိ ရှိခဲ့ကာ ရောဂါပိုးတွေ့ရှိသူမရှိပေမယ့် မြန်မာနိုင်ငံအတွင်းမှာတော့ ဩဂုတ်လ ၂၂ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၄၄၁ ဦးအထိရှိခဲ့ကာ ကင်းစင်သူ ၃၃၈ ဦးနဲ့ သေဆုံးသူ ယနေ့အချိန်ထိ ၆ ဦးရှိကြောင်း ဖော်ပြထားပါတယ်။