ဖားကန့်မြို့နယ် တောင်ပြိုကျေးရွာကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အချိန်အတော်အတန်ကြာ အသွားအလာကန့်သတ်ထားရာကနေ နိုင်ဝင်ဘာ ၁၃ ရက်နေ့မှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့အတူ ဒေသအုပ်ချုပ်ရေးများက တရားဝင်ကျေးရွာကို အသွားအလာကန့်သတ်ထားမှု ဖယ်ရှားပေးခဲ့ပါတယ်။
ကျေးရွာအတွင်း ရောဂါဖြစ်ပွားသူမရှိတော့ခြင်း၊ အချိန်အတိုင်းအတာအရ လုံခြုံစိတ်ချမှုဖြစ်ပြီဖြစ်တာကြောင့် နှင့် ဒေသခံများရဲ့ ကျန်းမာရေးစိတ်ချရပြီဖြစ်တာကြောင့် ဖယ်ရှားပေးခဲ့ခြင်းဖြစ်ကာ အောက်တိဘာ ၂၇ ရက်နေ့တုန်းက တောင်ပြိုဒေသခံများက ကန့်သတ်ထားမှုတွေ ဖယ်ရှားပေးဖို့ တောင်းဆိုအင်အားပြမှုတွေလည်း ရှိခဲ့ပါတယ်။
တောင်ပြိုကျေးရွာလုံးကျွတ်ကို အသွားအလာကန့်သတ်ထားခြင်း အချိန်ကြာမြင့်လာတာနဲ့အမျှ လူမှုရေး၊ စီးပွားရေး စိတ်ဓာတ်ရေးရာတွေမှာလည်း ပြဿနာဖြစ်ပွားကာ ဒေသခံများ စိတ်ထိခိုက်မှုတွေ စိတ်ဖိစီးမှုတွေက တိုးပွားလာမှုတွေလည်း တွေ့ရှိခဲ့ရကာ လက်ရှိမှာတော့ ဖယ်ရှားပေးလိုက်ပြီဖြစ်တာကြောင့် လုပ်ငန်းဆောင်များကို လွတ်လပ်စွာ ကျန်းမာရေးလမ်းညွန်ချက်များနဲ့အညီ ပြန်လည်လုပ်ကိုင်နိုင်ပြီဖြစ်တာကြောင့် ဒေသခံများ ဝမ်းသာမှုရရှိခဲ့ပါတယ်။
“အသွားအလာကန့်သတ်ထားမှု ဖယ်ရှားပေးလိုက်တာက အားလုံးအတွက်ကောင်းပါတယ်လို့ မြင်မိတယ်လေ လက်ရှိအချိန်က ငွေရှာရတဲ့အချိန်ဆိုတော့ ကန့်သတ်ထားတာကလည်း ကြာပြီဆိုတော့ သူတို့လည်း မခံနိုင်ကြတော့ဘူး ဖယ်ရှားပေးလိုက်တော့ သူတို့အင်မတန်ပျော်ရွှင်နေကြတာကို တွေ့ရတယ် လွတ်လပ်စွာ ပြန်လည်သွားလာနိုင်ကြပါပြီ” လို့ ဦးဒါ့ရှီနော်လောန် ကပြောပါတယ်။
တောင်ပြိုကျေးရွာကို အသွားအလာကန့်သတ်ထားမှု ဖယ်ရှားပေးလိုက်ပေမယ့် ဖားကန့်ဒေသကို ဝင်ရောက်လာမည့် ပြင်ပလူများကိုတော့ ကျန်းမာရေးစောင့်ကြည့်ခြင်းတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကာ ဖားကန့်ဒေသ ရှာဖွေစားသောက်ရေးမှာလည်း ထိခိုက်မှုတွေ များစွာရှိခဲ့ပါတယ်။