Covid-19 ရောဂါ ပြည်တွင်းကူးစက်မှု အတော်အတန်ကြာ ဖြစ်ပွားခြင်းမရှိရာကနေ ဩဂုတ်လ ၁၅ ရက်နေ့ကစတင်ပြီး ၅ ရက်အတွင်း ပိုးတွေ့လူနာ (၁၉) ဦးကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကာ ယနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါပိုး အတည်ပြုလူနာ (၁၀) ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းပိုးတွေ့ရှိထားသူ အများစုက Covid-19 ရောဂါအတည်ပြုလူနာနှင့်ထိတွေ့ခြင်းမရှိ၊ ပြည်ပခရီးသွားရာဇဝင်မရှိသူများဖြစ်ကြကာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်အဖြစ်များနေခြင်းဖြစ်ပါတယ်။
စစ်တွေမြို့ကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်ပြန်လည်ချမှတ်ခဲ့သလို ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ခဲ့ပြီး လေကြောင်းလိုင်း ယဉ်လိုင်းပြေးဆွဲမှုများကိုလည်း ရပ်တည့်ထားခဲ့ကြပါတယ်။
အများပြည်သူများကတော့ ကိုဗစ်-၁၉ ဒုတိယလိုင်းပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသလို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများဖြင့် သတိရှိစွာ သွားလာကြဖို့ တိုက်တွန်းထားပါတယ်။
မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကုသရာတွင် သွေးရည်ကြည်ကုထုံးဖြင့် ကုသပျောက်ကင်းသူ ကိုဗစ်လူနာ ၈ ဦးထိရှိခဲ့ကြောင်းပြောကြားခဲ့သလို ယခင်ပြည်တွင်းကူးစက်မှုများထဲတွင် ကူးစက်မှုမြန်ဆန်တဲ့ G614 လို့ခေါ်တဲ့ မျိုးရိုးဗီဇပြောင်းလဲတဲ့ မျိုးစိတ်ကို ဓာတ်ခွဲနမူနာ ၅ ခုတွင် ၁ ခုရှိပေမယ့် မေလနောက်ပိုင်းမှ ပြည်တွင်းကူးစက်မှုလူနာများနှင့် နိုင်ငံခြားပြန်လူနာများထဲက ၁၀ ခုတွင် ၆ ခုထိရှိလာတယ်လို့ ပြောပါတယ်။

ဒါဟာ ကူးစက်မှုမြင့်မားနေတဲ့ အိန္ဒိယနဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းစနေတဲ့ နိုင်ငံတွေမှာ တွေ့ရှိနေရတဲ့ မျိုးစိတ်တစ်ခုဖြစ်တာကြောင့် ဒုတိယလှိုင်းဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ပညာရှင်အချို့က သတိပေးထားပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဖေ့ဘွတ်စ်စာမျက်နှာမှာ ပြည်တွင်းကူးစက်မှုတစ်ကျော့ပြန်ဖြစ်ပွားလာမှုကို “ယခုအခါ စစ်တွေမှာ Covid ရောဂါပိုး တွေ့ရှိထားမှု များနေတာ ပြည်သူများ သိပြီးထင်ပါတယ်။ ရောဂါရသူ မည်သူမဆို စိတ်မချမ်း မသာ ဘယ့်လောက်ဖြစ်မယ်ဆိုတာ မှန်းဆနိုင်တာကြောင့် မပြောချင်ပေမဲ့ အများပြည်သူ သတိရှိနိုင်ရန်အတွက် ပြောပါရစေ။ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အလည်အပတ် ခရီးထွက်ခဲ့တဲ့ ဝန်ထမ်း ၃-၄ ဦးကတစ်ဆင့် Covid ရောဂါ ပြန့်ပွါးမှုကြောင့် ယခု စစ်တွေမှာ အိမ်တွင်းနေရန် ညွှန်ကြားချက်နဲ့ အခြား Covid ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ ထုတ်ပြန်ထားရပါပြီ။ ရောဂါထိန်းချုပ်နိုင်ဖို့အတွက် လူအင်အား၊ ငွေအင်အား အများအပြား ထုတ်သုံးနေရပါပြီ။” လို့ ရေးသားထားပါတယ်။
ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေဖို့ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးများနဲ့အညီ နေထိုင်ကြဖို့ တိုက်တွန်းနိုးဆော်ထားပါတယ်။