ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် Covid-19 ရောဂါ ကူးစက်ခံရသူ တစ်ရက်ထက်တစ်ရက်ပိုမိုများပြားလာခြင်းကြောင့် ရပ်ကွက်အများစုကို အသွားအလာကန့်သတ်မှုတွေ ပြုလုပ်လိုက်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့တွင် လက်ရှိမှာတော့ ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်ရဖွယ်ရှိနေကာ လက်ရှိအချိန်ထိ ပိုးကူးစက်ခံထားရသူ ၂၀၀ ကျော်ရှိနေတာကြောင့် မူဆယ်မြို့ စည်ပင်ဈေးကိုလည်း ပိတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။ ထိုဈေးကိုတော့ ယနေ့ ဇူလိုင် ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၂ ပတ်ကြာ ယာယီပိတ်ထားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
“တောင်ရပ်ကွက်၊ မြောက်ရပ်ကွက်၊ ကောင်းနောင်ရပ်ကွက်တို့ကို lockdown ချလိုက်ပြီ၊ တစ်မြို့လုံးကို lockdown ချတယ်လို့သာ မပြောတာ ဘယ်သူမှ မထွက်ကြတော့ဘူး။ မြို့ပြင်မှာလဲ ပရဟိတအသင်းတွေလဲ ပူးပေါင်းကူညီပြီး ကျန်းမာရေး စီစစ်မှုများကို လုပ်ဆောင်ပေးနေကြတယ်”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ထို့ပြင် ပန်ခန်း၊ စယ်လန့် စတဲ့ကျေးရွာများတွင် ပိုးတွေ့လူနာ မတွေ့ရှိရသေးပေမယ့် လက်လွှတ်စပယ်နေထိုင်ခြင်းမပြုလုပ်ကာ ကြိုတင်ကာကွယ်မှုများဖြင့် နေထိုင်ကြဖို့ ကူညီလုပ်ဆောင်ပေးဖို့ ဒေသခံတစ်ဦးကလည်း မေတ္တာရပ်ခံလိုက်ပါတယ်။ မူဆယ်မြို့အပြင်မှာရှိတဲ့ ကောင်းခါးမြို့မှာတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးစင်တာထားရှိကာ မြို့အဝင်အထွက်များကို စီစစ်မှုတွေကို တိုးမြင့်လုပ်ဆောင်နေကြပါတယ်။
ယခုလို တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ မူဆယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များပြားဆိုးရွာလာခြင်းကြောင့် တရုတ်နည်းပညာရှင်များမှ ကာကွယ် ထိန်းချုပ် ကုသရေးပစ္စည်းများနဲ့အတူ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် အခြေချကာ ကိုဗစ်စင်တာဖွင့်လှစ်ပြီး လူဦးရေတစ်ရာဝန်းကျင်ဖြင့် လာရောက်ကူညီမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။