ကိုဗစ်-၁၉ ကာလ ကြာရှည်လေ ခက်ခဲမှုတွေ ပိုများလာလေ

တနိုင်း ကေဘီစီ စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနဲ့ အစားအသောက်များ လိုအပ်မှု ဖြစ်ပေါ်နေပါတယ်။ ယခင်က Mask, လက်ဆေးရည်, လက်ဆေးဆပ်ပြာတွေ အဖွဲ့အစည်းများက ကူညီမှုတွေရှိပေမယ့် လူဦးရေများပြားတာကြောင့် လိုအပ်မှုတွေ ရှိနေသေးကြောင်း သိရှိရပါတယ်။

စခန်းတာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အချိန်ကြာမြင့်လာရင် ကာကွယ်ရေးပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြရတာပါ။ “ကိုဗစ်-၁၉ က ဘယ်အချိန်ထိရှည်ကြာမလဲဆိုတာ မသိတော့ အခုကျတော်တို့ပေးထားတဲ့ ပစ္စည်းတွေက ရှိနေပေမယ့် ရက်တိုးသတ်မှတ်မှုတွေရှိတာကြောင့် လက်ဆေးဆပ်ပြာတွေက ပိုမိုလိုအပ်မှုရှိနေမျာပါ” လို့ ကေဘီစီ စစ်ဘေးရှောင်စခန်းတာဝန်ခံ လဘွန်ချမ်းယိန်း ကပြောပါတယ်။

စစ်ဘေးရှောင်များက လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်စားသောက်နေကြသူများဖြစ်ကာ အခြားဒေသများသို့သွားပြီး ဈေးရောင်းမှုတွေရှိပေမယ့် မိုးတွင်းကာလာမှာတော့ ကိုဗစ်ကြောင့် အပြင်ထွက် လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုမှာ ရပ်တည်နေရတာပါ။

“မိုးရာသီအချိန်လည်းဖြစ် ကျတော်တို့ရဲ့ တနိုင်း ဟူးကောင်းဒေသက ရေပေါများတော့ မိုးရွာလေ သွားလာရခက်ခဲလာလေဖြစ်တာကြောင့် တချို့က အစားအသောက် ခက်ခဲနေကြတာပေါ့” တာဝန်ခံတစ်ဦးက ပြောပါတယ်။ တနိုင်းမြို့ ကင်ဆာရာရပ်ကွက် ကေဘီစီ စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၀၈ စုနေထိုင်နေတာဖြစ်ပြီး တိုက်ပွဲကြောင့် အောင်လောဒ့်၊ နန့်ဗျူ၊ နမ့်ခမ်းကျေးရွာများဘက်က စစ်ဘေးရှောင်လာသူများ ဖြစ်ကြပါတယ်။

Leave a Reply

*