ကိုဗစ်-၁၉ ကာလဖြစ်ပေမယ့် လူကုန်ကူးမှုတွေဆက်ဖြစ်ပွားနေ

ကိုဗစ်-၁၉ အချိန်ကာလဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း လူကုန်ကူးမှုဖြစ်ရပ်များဟာ ရပ်တန့်သွားခြင်းမရှိပဲ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေကာ ကချင်အမျိုးသမီးများလည်း ပါဝင်နေပါတယ်။ အချို့ဖြစ်ရပ်များက အိမ်ထောင်စုအတွင်း ငွေကြေးခက်ခဲမှုတွေဖြစ်ပွားလာတာကြောင့် တရုတ်နိုင်ငံဘက် အလုပ်လုပ်ကိုင်ဖို့သွားရောက်စဉ်နဲ့ လိမ်လည်လှည့်ဖျားခြင်းခံလိုက်ရသူများ ဖြစ်ကြပါတယ်။

“အိမ်ထောင်အတွင်းမှာ ငွေကြေးခက်ခဲမှုတွေ ဖြစ်လာတော့ အိမ်တွင်းလိုအပ်ချက်အချို့ဖြည့်ဆည်းပေးနိုင်ဖို့ဆိုပြီး အပြင်ထွက်အလုပ်လုပ်ကြတာပေါ့၊ အဲ့ချိန်မှာ လိမ်ညာခြင်းခံလိုက်ရတာတွေပေါ့” လို့ ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ အမျိုးသမီးရေးရာ တာဝန်ခံ ဆရာမ ရွယ်ဆိုင်း ကပြောပါတယ်။

ယခင်ကတည်းက လူကုန်ကူးခံရမှုတွေ အမြဲလိုလိုဖြစ်ပွားနေကာ လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ထားမှုတွေ ရှိနေပေမယ့်လည်း လူကုန်ကူးမှုတွေလည်း ဆက်လက်တည်ရှိနေပြီး ကျေးရွာ ဒေသအချို့က ပြည်သူများ အသိပညာနည်းပါးမှုရှိနေသေးတာကြောင့် အခုလိုဖြစ်ရပ်တွေဖြစ်ပွားလာပါက ဘယ်အဖွဲ့အစည်းကို ဆက်သွယ်အကူအညီတောင်းခံရမည်ကို မသိရှိ နားမလည်မှုတွေ ရှိနေခြင်းများက လူကုန်ကူးသူများအတွက် အခွင့်အခါကောင်းသဖွယ်ဖြစ်ပွားစေခဲ့ပါတယ်။

အဘက်ဘက်ကနိမ့်ကျမှုတွေ ရှိနေသေးတဲ့ ကျေးရွာများကို လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေးမှုကို မြေပြင်အထိသွားရောက်ပြီး ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

Leave a Reply

*