ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးကာလ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း ယခင်ထက်ပိုမိုပြီး ကိုဗစ်စည်းကမ်းချက်များကို လိုက်နာဖို့ ဇွန်လ ၃၀ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ သိရှိရပါတယ်။ ကိုဗစ် ကာကွယ်နှိမ်နှင်းရေးစည်းကမ်းချက်များ ဆက်လက်လိုက်နာကျင့်သုံးဖို့ ဇွန်လ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကာ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း နေထိုင်တဲ့ပြည်သူများနဲ့ တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ဇွန်လ ၁၅ ရက်နေ့အထိ စည်းကမ်းချက်များ လိုက်နာဖို့ ထုတ်ပြန်ထားတာရှိကာ ကပ်ရောဂါစိုးရိမ်ဖွယ်ရာအခြေအနေရှိနေတာကြောင့် ရက်တိုးသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း ဇွန်လ ၁၂ ရက်နေ့အထိ အသွားအလာကန့်သတ်စောင့်ကြည့်ခံသူ အယောက် ၂၀၀ ရှိကာ ရောဂါပိုးရှိသူတော့ လက်ရှိအချိန်အထိ မတွေ့ရှိသေးပါဘူး။