ကေအိုင်အို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့သက်ဆိုင်တဲ့ လုပ်ငန်းများကို ပြန်လည်သုံးသပ် စည်းဝေးမှုကို ဇွန်လ ၁၀ ရက်နေ့ မနက် ၈ နာရီအချိန်ကနေ ညနေပိုင်း ၅ နာရီအချိန်အထိ Padang Hkrun Lam Majan Masing ဦးဆောင်ရုံး အစည်းအဝေးခန်းမမှာ လုပ်ဆောင်ခဲ့ကြပါတယ်။ အခမ်းအနားမှာတော့ ကချင်လွတ်မြောက်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်၊ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်တားဆီးရေး ဗဟိုကော်မတီဝင်တွေ၊ အရှေ့ပိုင်းတိုင်းဌာနချုပ် နယ်မြေ လိုင်ဇာမြို့တွင်း ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေးကော်မတီဝင်တွေနဲ့ စစ်ဆေးရေးဂိတ်၊ အသွားအလာစောင့်ကြည့်ရေးနေရာများတွင် ဦးဆောင်နေတဲ့ ကော်မတီဝင်များ၊ လိုင်ဇာမြို့အတွင်းရှိ NGO, INGO အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ ဗဟိုအမျိုးသမီးအဖွဲ့၊ လူမှုကူညီရေးအဖွဲ့၊ JST စတဲ့အဖွဲ့အစည်းများ ပါဝင်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းဆောင်တာများ ပိုမိုထိရောက်အောင်မြင်နိုင်ဖို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ချမှတ်ထားတဲ့စည်းကမ်းများကို လက်တွေ့တာဝန်ယူလုပ်ဆောင်နေသူများအတွက် ပိုမိုအဆင်ပြေလာနိုင်ဖို့ စည်းဝေးခြင်းဖြစ်ပါတယ်။ “ဒီနေ့ ကျတော်တို့ရဲ့ အစည်းအဝေးကတော့ ကိုဗစ်-၁၉လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်တဲ့ စည်းဝေးမှုတစ်ခုပါ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာတွေ စစ်ဆေးရေးဂိတ်တွေ ပြီးတော့ လက်တွေ့လုပ်ဆောင်နေသူတွေအတွက် လုပ်ငန်းလုပ်ဆောင်ရာတွင် ပိုမိုအဆင်ချောစေဖို့၊ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်များကို မလိုက်နာမှုများကို ပြန်လည်ပြင်ဆင်ခြင်းများလုပ်ဆောင်တာပါ” လို့ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး လဖိုင်ဟိန်ဝမ်က ဆိုပါတယ်။ လုပ်ငန်းဆောင်တာများကို အခြားသောအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားဖို့၊ အကူအညီပေးနေတဲ့အဖွဲ့အစည်းများကို လိုအပ်တဲ့အချိန်များတွင် ဆက်သွယ်ပြီး အတူတကွပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ ကျောင်းဖွင့်ရန်လုပ်ဆောင်ရမည့်အရာများကို ကြိုတင်ပြင်ဆင်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း ကျန်းမာရေးစစ်ဆေးနေရာ ၈ ခုဖွင့်လှစ်ထားကာ ဇွန်လ ၁၁ ရက်နေ့အထိ ကျန်းမာရေးစောင့်ကြည့်ခံထားရသူ (၂၁၁) ဦးရှိပေမယ့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူမရှိသေးကြောင်း သိရှိရပါတယ်။