ကိုဗစ်ကြောင့် မြို့အဝင်ပိတ်ထားတဲ့ မိုင်ဂျာယန်မြို့ ပြန်ဝင်ခွင့်ပြုမည်

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့ကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု ဆိုးရွားလာခြင်းကြောင့် မြို့အဝင်ပိတ်ပင်ထားရာမှ စက်တင်ဘာ ၂၀ ရက်နေ့ကစတင်ပြီး ကျန်းမာရေးစောင့်ကြည့်စင်တာတွင် မြို့ဝင်ရောက်မည့်သူများကို လက်ခံနေပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းကော်မတီထံမှ သိရပါတယ်။

မိုင်ဂျာယန်မြို့နဲ့အနီးတဝိုက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားခဲ့တာကြောင့် ဇူလိုင်လကတည်းက အသွားအလာကန့်သတ်ထားခဲ့တာဖြစ်ပြီး လက်တလောတွင် ကိုဗစ်-၁၉ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရောက်ရှိနေပြီဖြစ်တာကြောင့် အသွားအလာကန့်သတ်ထားခြင်းတွေ ဖယ်ရှားခဲ့ပြီးဖြစ်ကာ အခြားသောနေရာများမှ မြို့ထဲကို လာရောက်မည့်သူများကို ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ကြည့်စင်တာတွင် ပြင်ပမှ ဝင်ရောက်လာမည့်သူများကို ရောဂါစစ်ဆေးခြင်းများ လုပ်ဆောင်ပေးပြီး စားသောက်ရေးအတွက်က မိမိကိုယ်ကိုတာဝန်ယူရမှာဖြစ်ပြီး ရောဂါစစ်ဆေးစဉ် ပိုးမရှိသူများကို ကျန်းမာရေးစောင့်ကြည့်နေရာတွင် ထားရှိမှာဖြစ်ပြီး ရောဂါကူးစက်ခံထားရသူများကိုတော့ ဆေးဝါးကုသမှုပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Hka Lawng Kawng ပြင်ပလက်ခံနေရာတွင် စက်တင်ဘာ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ မြို့ဝင်မည့်သူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းကော်မတီထံ အကြောင်းကြားရမှာဖြစ်ပြီး အမည်စာရင်းပါဝင်သူများသာ ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

လက်ရှိ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ဆေးဝါးကုသမှု ခံယူနေသူ ၁၃၉ ဦးသာကျန်ရှိတော့တာဖြစ်ပြီး ၂၀၀၀ ကျော်ပျောက်ကင်းသက်သာပြီးဖြစ်ပါတယ်။

Leave a Reply

*