ဇန်နဝါရီ ၂၈ ရက်နေ့ကစတင်ပြီး မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်ကို နေ့စဉ်နေ့တိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီတာဝန်ရှိသူများ သွားရောက်စစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရှိရပါတယ်။
စစ်ဆေးရေးဂိတ်အပြင်နဲ့ ဂိတ်တွင်းဝင်ရောက်လာတဲ့ အများပြည်သူများအနေဖြင့် ကိုယ့်ဒေသရှိ ခရီးသွားလာခွင့်လက်မှတ်လိုအပ်မှာဖြစ်ပြီး ဝန်ထမ်းများကတော့ ကိုယ့်ဌာနမှလက်မှတ်လိုအပ်ပြီး မပါသူများကိုတော့ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားပါတယ်။
“ဒီလ ၂၈ ရက်နေ့ကစတင်ပြီးတော့ မုံလိုင်ခက်နဲ့ မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်ဖြတ်သန်းမည့်သူတွေဖြတ်သန်းခွင့်ပြုမှာဖြစ်ပြီးတော့ စစ်ဆေးတာတွေလုပ်ဆောင်နေတယ်၊ သက်သေခံလက်မှတ်မပါတဲ့သူတွေကိုတော့ လုံးဝဖြတ်သန်းခွင့်မပြုပါဘူး၊ ခိုးဝင်မှုမရှိအောင် ဒီနှစ်နေရာမှာ ကော်မတီဝင်တွေစောင့်ကြည့်ခြင်းလုပ်ဆောင်သွားမှာပါ” လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီးလဖိုင်ဟိန်ဝေါန့်ကပြောပါတယ်။
စစ်ဆေးရေးဂိတ်များတွင် ခရီးသွားလာခွင့်ထောက်ခံစာစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ဖြတ်သန်းလာတဲ့ ကားဆိုင်ကယ်များကို ဆေးဖြန်းခြင်းများလုပ်ဆောင်နေကာ ခိုးဝင်မှုမရှိအောင် ကိုဗစ်ကိုကာကွယ်မှုပြုလုပ်နေကြပါတယ်။
ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့အထိ ကျန်းမာရေးစောင့်ကြည့်ခံနေသူ ၁၈၁ ယောက်ရှိကာ ဖားကန့်ဒေသနဲ့ ဆဒုံ့ဒေသတွေမှာတော့ လကုန်အထိ အသွားအလာကန့်သတ်ထားရှိထားပါတယ်။ လိုင်ဇာမြို့နဲ့ အရှေ့ပိုင်းဒေသများကို ခရီးသွားလာခွင့်ပိတ်ပင်ထားတာဖြစ်ပြီး စစ်ဆေးရေးဂိတ်များမှ ခိုးဝင်လာသူများကို ကျန်းမာရေးစောင့်ကြည့်ခြင်း ၁၄ ရက်ခံယူစေကာ အရေးယူခြင်းများလည်း လုပ်ဆောင်နေပြီး အရေးတကြီးခရီးသွားလာမည့်သူများကိုလည်း ကိုဗစ်ကော်မတီထံအကြောင်းကြားစေပြီး သွားလာခွင့်ပေးထားခြင်းများဖြင့် ကိုဗစ်ကာကွယ်ရေးများကို လုပ်ဆောင်နေကြောင်းသိရှိရပါတယ်။