ကိုဗစ်ကူးစက်မှုများပြားခဲ့တဲ့ အင်ဂွမ်လတွင် စာသင်ကျောင်းပြန်ဖွင့်လှစ်နိုင်ပြီ

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ အင်ဂွမ်လကျေးရွာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများပြားခဲ့ခြင်းကြောင့် ကျေးရွာအထက်တန်းကျောင်းကို ပိတ်ထားရာမှ နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့ ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီဖြစ်ကြောင်း သိရပါတယ်။

အင်ဂွမ်လကျေးရွာအတွင်း ကိုဗစ်စစ်ဆေးခြင်းတွေနဲ့ ကိုဗစ်ပိုးတွေ့လူနာများကို သီးသန့်ထားရှိပြီး ဆေးဝါးကုသမှုပေးနေကာ တစ်လအတွင်း ပိုးတွေ့လူနာ တွေ့ရှိခြင်းမရှိတော့တာကြောင့် ဖွင့်လှစ်နိုင်ခြင်းဖြစ်ကာ ပိုးကူးစက်ခံထားရသူများကလည်း ပိုးကင်းစင်တဲ့ ရလဒ်အသီးသီးထွက်ပေါ်ခဲ့ကြပါတယ်။

အထက်တန်းကျောင်းတွင် ပညာသင်နှစ်ဝက်စာမေးပွဲ ဖြေဆိုနေစဉ်အတွင်း ကူးစက်မှုမြင့်မားခဲ့တာကြောင့် ရပ်နားထားခဲ့ရတာဖြစ်ပြီး ကျောင်းပြန်လည်ဖွင့်လှစ်ပြီး တစ်ပတ်အတွင်း ကျန်ရှိဘာသာရပ်များကို ဖြေဆိုရမှာဖြစ်ကြောင်း သိရပါတယ်။

ဆေးဝါးကုသမှု ခံယူပြီး ပြန်လည်ကျန်းမာလာသူများကို နောက်ထပ်တစ်ကြိမ် ပိုးရှိမရှိ စစ်ဆေးခဲ့ကာ ကျန်းမာရေးစောင့်ကြည့်စင်တာများဖြင့် ကြပ်မတ်ကုသပေးခဲ့တာကြောင့် လက်ရှိမှာတော့ ပိုးတွေ့လူနာ ၁၃ ဦးသာကျန်ရှိတော့တာဖြစ်ပါတယ်။

ကျေးရွာတွင်း ပိုးကူးစက်ခံရခြင်းတွေ မရှိတော့ပေမယ့် အင်ဂွမ်လကျေးရွာ အဝင်အထွက် သွားလာခွင့်ကို ပိတ်ပင်ထားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

*