မိုင်ဆပ်ပါကျေးရွာတွင် တည်ဆောက်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးခန်းမကို ဒီဇင်ဘာ ၂၉ ရက်နေ့က စတင်ဖွင့်လှစ်ဆုတောင်းအပ်နှံခဲ့ပါတယ်။
ဖွင့်လှစ်ခြင်းအခမ်းအနားမှာတော့ ကိုဗစ်နှိမ်နှင်းရေးဗဟိုကော်မတီ ဥက္ကဌ ဆရာကြီး ဆွမ်လွတ်ဂမ်နဲ့ အတွင်းရေးမှူးနဲ့ ကော်မတီဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနဲ့အတူ ဘာသာရေးခေါင်းဆောင်များပါဝင်ဆုတောင်း ခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့သက်ဆိုင်ပြီး မြန်မာအစိုးရ၊ လူမှု့ကူညီရေးအဖွဲ့အစည်းများနဲ့ တွေ့ဆုံရာတွင်အသုံးပြုဖို့အပြင် ဗဟိုကော်မတီဝင်များအနေဖြင့် တွေ့ဆုံမှုများတွင် အသုံးပြုနိုင်ဖို့ ဒီကိုဗစ်နှိမ်နှင်းရေးခန်းမကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
“ဒီခန်းမမှာတော့ ကိုဗစ်နဲ့သက်ဆိုင်ပြီး အစိုးရတာဝန်ရှိသူတွေ၊ မြို့ကြီးဘက်ကနေ ရောက်ရှိလာမည့် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရင် အစည်းအဝေးလုပ်ဆောင်နိုင်ဖို့အတွက်ရော ပြီးတော့ အခြားသောဆွေးနွေးတိုင်ပင်စရာများရှိရင်လည်း ဒီနေရာမှာ တွေ့ဆုံဆွေးနွေးဖို့ ရည်ရွယ်ထားပါတယ်။ အခုအချိန်က ကိုဗစ်-၁၉ ရောဂါကာလဖြစ်နေတော့ လိုင်ဇာဘက် ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးတော့ ဒီနေရာမှာပဲ လုပ်ဆောင်ခြင်းဖြစ်တယ်” လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး လဖိုင်ဟိန်ဝှောမ့် ကပြောပါတယ်။
ဗဟိုကော်မတီခေါင်းဆောင်က အများပြည်သူအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းတဲ့ လုပ်ငန်းတွင် စိတ်တူကိုယ်တူဖြင့် ပါဝင်ကူညီကာ အစိုးရရဲ့ ထုတ်ပြန်ချက်များကို လိုက်နာပြီး စည်းကမ်းတကျနေထိုင်ကြဖို့ ခွန်းအားပေးတိုက်တွန်းလိုက်ပါတယ်။
ဒီကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးခန်းမကို နိုဝင်ဘာ ၁၃ ရက်နေ့က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တည်ဆောက်ပြီးစီးခဲ့တာလည်းဖြစ်ပါတယ်။