ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်သူတချို့မှာ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု လုပ်ဆောင်ပြီးသော်လည်း ကိုဗစ်ရောဂါကူးစက်ခံရသူ များပြားနေသေးကြောင်း သိရှိရပါတယ်။

မူဆယ်၊ ကွတ်ခိုင်၊ မုံးပေါ်ဒေသများတွင် အောက်တိုဘာလထဲ ဒုတိယအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေးထိုးနှံ့မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူတချို့မှာ ကိုဗစ်ကူးစက်ခံရပြီး ကုသမှု ပြန်လည်ခံယူနေရကြောင်း သိရပါတယ်။ ကူးစက်ခံရမှုများမှာ ဆေးထိုးနှံ့မှု ခံယူပြီးသော်လည်း သတိလက်လွတ် ဂရုစိုက်မှု လျော့နည်းမှုတွေကြောင့် ထပ်မံ ကူးစက်ခံရခြင်းဖြစ်ကြောင်းကို မုံးပေါ်မှ ပြည်သူတစ်ဦးက ဆိုပါတယ်။
ပိုးကူးစက်ခံရမှုများပေမယ့် ပြန်လည်ကျန်းမာလာသူများလည်း များပြားကြောင်း တွေ့ရှိရပါတယ်။ မုံးပေါ်မှ ပြည်သူတစ်ဦးမှာလည်း “ကျွန်မကတော့ ကာကွယ်ဆေးထိုးပြီး မကြာပါဘူး ကူးစက်ခံရတာပါပဲ။ ဒါပေမဲ့ Q ဝင်ပြီး သိပ်မကြာပါဘူး ပျောက်သွားတာပဲ။ သူငယ်ချင်းတွေလဲ အတူတူပဲ ပြန်ကောင်းလာကြပြီ” လို့ သူမ အပါအဝင် သူမ သူငယ်ချင်းများ ပြန်လည်ကောင်းမွန်လာတဲ့အကြောင်းကို ပြောပြလာပါတယ်။
ကွတ်ခိုင်မြို့တွင်လည်း ကာကွယ်ဆေးထိုးပြီးနောက် ပိုးတွေ့ရတဲ့ လူနာများရှိတယ်လို့ ကွတ်ခိုင်မြို့ ကိုဗစ်ကာကွယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ထိုအပြင် တီးမရွာတွင်လည်း ကာကွယ်ဆေးထိုးနှံ့ခံယူပြီးသော ပိုးတွေ့လူနာ ၇ဦး တွေ့ရှိပြီး မူဆယ်မြို့တွင်လည်း လူနာ ၁၀ ဦးအထက်ရှိကြောင်း သိရပါတယ်။