ကားမိုင်းနဲ့မိုးကောင်းမြို့ကြားရှိ နမ့်ရှန်ကျေးရွာတွင် ကေအိုင်အေနဲ့အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွား

မိုးကောင်းမြို့နယ်နဲ့ ကားမိုင်းမြို့နယ်ကြားရှိ နမ့်ရှန်ကျေးရွာရှိ တောင်ပေါ်တွင် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၄၄) နဲ့ အာဏာသိမ်းစစ်တပ် တပ်မ (၃၃) လက်အောက်ရှိ ခမရ (၁၂) တို့ မတ်လ ၁၂ ရက် မနက်ပိုင်း ၅ နာရီခွဲကနေ ၈ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နမ့်ရှန်တောင်တွင်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်မှ လေယာဉ် ၂ စီးဖြင့် တောင်ပေါ်တဝိုက် ၅ ကြိမ်မျှ လှည့်ပတ်ပြီး လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရှေ့တန်းရောက် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ယခုလို မထင်မှတ်ထားချိန် တောင်ပေါ်တွင် တိုက်ပွဲဖြစ်ပွားလာတာကြောင့် နမ့်ရှန်ဒေသခံများက စိုးရိမ်ထိတ်လန့်ကာ နမ့်ရှန်ဘုရားကျောင်းဝင်းဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ကာ သေနတ်သံတိတ်ဆိတ်သွားချိန်မှ မိမိနေအိမ်ပြန်ခြင်း လုပ်ဆောင်ခဲ့တယ်လို့ ရပ်ကွက်ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

မနက်တိုက်ပွဲဖြစ်ပွားချိန် ကားမိုင်းမြို့ရှိ မြန်မာစစ်တပ်ရဲ့ ဗျူဟာကုန်းဘက်ကနေ တိုက်ပွဲဖြစ်ပွားရာနေရာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွေလုပ်ဆောင်လာတာကြောင့် အနီးနားရှိ ကျေးရွာဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

“တိုက်ပွဲဖြစ်တာက ကျတော်တို့ ကားမိုင်းဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တော့ အဲ့သည်မှာပေါက်ကွဲပြီး မိုင်းစတွေလွင့်စင်လာတော့ အဲ့နားက အသက် (၁၂)နှစ်အရွယ် ကလေးက ဦးခေါင်းမှာထိ၊ (၆) နှစ်အရွယ် ကလေးမလေးက ပေါင်မှာထိ၊ အမျိုးသမီးတစ်ဦးလည်း မျက်စိနားမှာထိတယ်၊ ၁၄ နှစ်အရွယ်အမျိုးသမီးကတော့ လည်ပင်နားမှာသွားထိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်တပ်အနေဖြင့် ဘုန်းကြီးကျောင်းနဲ့ ပြည်သူ့စစ်တွေအခြေချတဲ့နေရာဘက်ကို ပြောင်းရွေ့နေပြီး မိုးကောင်းမြို့ဘက်အနေ စစ်အင်အား (၂၀၀) ဝန်းကျင်ကလည်း စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက်နေ့ကလည်း ကေအိုင်အေ တပ်ရင်း (၂၆) ဒေသဖြစ်တဲ့ ဆယ်ဇင်းကျေးရွာနားတွင် မြန်မာစစ်တပ်နဲ့ ကေအိုင်အေတပ်ကြား ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့သလို သျှမ်းပြည်မြောက်ပိုင်းမှာတော့ ကေအိုင်အေနဲ့ မြန်မာစစ်တပ် တပ်မ (၉၉) ကြား အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာပါ။

Leave a Reply

*