ရှမ်းပြည်နယ် မြောက်ပိုင်း (Kachin Sub-state)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၊ ကာလိုင်ကျေးရွာအနီး ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၈)နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းက ကွတ်ခိုင်တပ်စခန်းကနေ ထွက်ခွာလာတဲ့ အဖွဲ့ဖြစ်ကာ ကာလိုင်လမ်းဆုံအရောက် လိမ္မော်ခြံတွင် ရပ်နားနေစဉ် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရပ်နားနေစဉ် တိုက်ခိုက်ခြင်းခံရတာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၁၀ ဦးကျော် သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ယမန်နေ့က ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်၊ လဝါ့ယန်ကျေးရွာနဲ့ စွပ်ခါးကျေးရွာကြားအရောက် ဆွမ်ပရာဘွမ်ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို ကေအိုင်အေတပ်မှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ယာဉ်တစ်စီးလည်း ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။