ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) လက်အောက်ခံတပ်နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်တို့ ယနေ့ ဇန်နဝါရီ ၂၃ ရက် မနက် ၇ နာရီခွဲတွင် စစ်ကိုင်းတိုင်း၊ ကသာမြို့၊ နောင်ချိုအနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ ၈၈ လက်အောက်ခံတပ် အင်အား ၁၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းက ကေအိုင်အေ နယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေ တပ်မှ ခုခံတိုက်ခိုက်ခဲ့ကာ မိနစ် ၃၀ ကြာ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီခွဲကနေ ၁၀ နာရီခွဲအချိန်ခန့်ထိ ကသာမြို့နယ်၊ နတ်လိုင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ၂ ကြိမ် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။
အင်အား ၈၀ ဝန်းကျင်ဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်က ကသာမြို့ကနေ စစ်ကြောင်းထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
လွန်ခဲ့သော ဇန်နဝါရီ ၁၉ ရက်နေ့တွင်လည်း မိုးညှင်းမှ စစ်ကောင်စီတပ် ခလရ ၁၅ နဲ့ လက်နက်ကြီးတပ်မှ စစ်အင်အား၊ လက်နက်အပြည့်အစုံဖြင့် လှုပ်ရှားလာတဲ့ စစ်ကား ၃ စီးကို ကေအိုင်အေတပ်မှ မော်လူးနဲ့ နန့်စီးအောင်ကြားတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစ်စီး ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။