ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ ကဂျီးထုကျေးရွာရှိ ကျောင်းသားများ အနံ့အရသာပျောက်ဆုံးလာတာကြောင့် ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးစဉ် ၆၈ ဦးတွင် ကိုဗစ်ပိုးကူးစက်ခံထားရခြင်းကို တွေ့ရှိခဲ့ရကြောင်း ကေအိုင်အို ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး မြောက်ပိုင်းတိုင်းဌာနချုပ်ကော်မတီထံမှ သိရပါတယ်။

ရောဂါပိုးရှိကြောင်း အဖြေထွက်ရှိသူအားလုံးက ကဂျီးထုဒေသ အလယ်တန်းသာသနာကျောင်း ဘော်ဒါဆောင်တွင် ပညာသင်ကြားခံယူနေသူများ ဖြစ်ကြကာ စစ်ဆေးခံသူ ၁၈၅ ဦးထဲမှ ၆၈ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း တာဝန်ရှိသူ ဆရာဝန်တစ်ဦးကပြောပါတယ်။
လက်ရှိ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူများက အနံ့အရသာပျောက်ဆုံးနေခြင်းကလွဲပြီး ပြင်းထန်တဲ့ရောဂါဝေသနာခံစားရခြင်းမရှိတာကြောင့် ခွန်အားပြည့်စေမည့် အစားအသောက်များကို တိုက်ကျွေးနေကာ ကျန်းမာရေးစောင့်ကြည့်ခြင်းများ ပြုလုပ်နေပြီး မြစ်ကြီးနား အောင်နန်းရပ်ကွက်ရှိ ကက်သလစ်ကျောင်းမှ ဆရာဝန်နဲ့ စေတနာ့ဝန်ထမ်းများ ပံ့ပိုးကူညီနေကြောင်း သိရပါတယ်။