ကိုဗစ်-၁၉ ရောဂါနှိမ်နှင်းရေးကော်မတီရဲ့ သတ်မှတ်ချက်များနဲ့အညီ ကချင်အာဇာနည်နေ့ အခမ်းအနားကို ကေအိုင်အိုဌာနချုပ်အနေဖြင့် ဩဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သွားဖို့ ရှိပါတယ်။
ကပ်ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အရ လူစုလူဝေးမပြုလုပ်ဖို့ဆိုထားတာကြောင့် အများပြည်သူ၊ ဌာနတာဝန်ရှိသူများ စုပေါင်းလုပ်ဆောင်မည့် ကျေးရွာ၊ စစ်ဘေးရှောင်စခန်းများ၊ ဌာနဆိုင်ရာတွေမှာ အခမ်းအနားပြုလုပ်ခြင်းမလုပ်ပဲ အာဇာနည်နေ့အခမ်းအနား မိန့်ခွန်းကိုတော့ Laiza TV နဲ့ Laiza FM တို့မှတစ်ဆင့် ထုတ်လွင့်မှုကိုသာ နားဆင်ရမှာဖြစ်ပါတယ်။
လူဦးရေ (၅၀) ထက်မပိုတဲ့ အများပြည်သူစုဝေးနိုင်တဲ့ ကျေးရွာနဲ့ စာသင်ကျောင်းများ၊ ရှေ့တန်းစခန်းရှိတာဝန်ထမ်းဆောင်နေသူများကတော့ အာဇာနည်နေ့အခမ်းအနားကို လုပ်ဆောင်သွားမှာဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြင့် လူတစ်ဦးနဲ့တစ်ဦး ၆ ပေအကွာဖြင့် ကျင်းပသွားကြဖို့ ညွန်ကြားထားပါတယ်။
နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေတဲ့ ကချင်အာဇာနည်နေ့အခမ်းအနားကို ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ရောဂါကြောင့် လူဦးရေးများစွာဖြင့် မပြုလုပ်နိုင်ပေမယ့် ဩဂုတ်လ ၁၀ ရက်နေ့ကျရောက်တဲ့ အာဇာနည်နေ့ကို ရောက်ရှိနေတဲ့ နေရာကနေ ဦးညွတ်သွားနိုင်မှာ ဖြစ်ပါတယ်။