ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ပြန်လည်လွတ်မြောက်လာ

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။

နေပြည်တော် တရားရုံးတွင် ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရပြီး မြစ်ကြီးနာအကျဉ်းထောင်တွင် အကျဉ်းကျခံနေရတဲ့ ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ ကယနေ့ ဇန်နဝါရီလ ၄ ရက်နေ့လည်ပိုင်းတွင် မြစ်ကြီးနာအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း KNC ပါတီက ထုတ်ပြန်ထားပါတယ်။

ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာက ရေးသားချက်များကြောင့် ဒေါက်တာ M ကောန်လ ကိုအကြမ်းဖက် စစ်ကောင်စီတပ်မှ နေပြည်တော်တွင် ရှိနေချိန် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဖမ်းဆီးပြီး ဇမ္ဗူသီရိတရားရုံးတွင် ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုကာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်ပြီး မြစ်ကြီးနားတွင် စွဲဆိုထားသော အမှုတူကိုတော့ တရားသေလွတ်ပေးကာ မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းကျနေခဲ့ရတာဖြစ်ပါတယ်၊

အကြမ်းဖက် စစ်ကောင်စီတပ်မှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်းရှိ ထောင်များမှ အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးစဉ် ရက်ပြည့်လွတ်ဖို့ သိပ်မကျန်တော့တဲ့ KNC ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ လည်းပါဝင်လာတာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်ကနေ လွှတ်ငြိမ်းခွင့်ရရှိသူ ၁၀၀ ကျော်ရှိပေမယ့် နိုင်ငံရေးဆက်နွယ်ပြီး လွှတ်ငြိမ်းခွင့်ရရှိသူ ၅ ဦးသာရှိကာ ကချင်လူထုကြား လူသိများထင်ရှားပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ သိက္ခာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကတော့ လက်ရှိအချိန်ထိ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးကာ ချုပ်နှောင်ခံထားရဆဲဖြစ်ပါတယ်။

Leave a Reply

*