ကချင်ဒေသတွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တစ်ကျော့ပြန်စစ်မက်ဖြစ်ပွားခြင်း (၉) နှစ်ပြည့်မြောက်တဲ့ ဇွန်လ ၉ ရက်နေ့မှာ အချက် (၅) ချက်ပါ သဘောထားထုတ်ပြန်ခြင်းဖြင့် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ တောင်းဆိုခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာတော့ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိအချိန်တွင် စားဝတ်နေထိုင်ရေးခက်ခဲလာကာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်မှ အတိဒုက္ခရောက်နေပြီဖြစ်သလို စွန့်ခွာခဲ့ရတဲ့ မိမိအိမ်ခြံမြေများ ဆုံးရှုံးသွားမှာကို စိုးရိမ်ကြောင့်ကြမှုရှိခြင်းကြောင့် အလွန်စိုးရိမ်ပူပန်သောကရောက်နေကြောင်း အစချီထားပါတယ်။ ထိုပြဿနာများကို ဖြေရှင်းနိုင်ဖို့ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ ပြန်လည်နေထိုင်နိုင်ရေး၊ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အဆည်းများက မြေမြုပ်မိုင်းများရှင်းလင်းပေးကာ စစ်ဖြစ်ပွားစဉ်တိုးချဲ့ခဲ့သော တပ်စခန်းများ ရုပ်သိမ်းပေးပြီး နိုင်ငံတကာအဖွဲ့အစည်းများကို လွတ်လပ်စွာကူညီခွင့်ပြုရေး၊ နေရပ်ပြန်နိုင်ရေးသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဆက်နွယ်မှုရှိခြင်းကြောင့် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ရေးထိုးပြီး နိုင်ငံရေးဆက်လက်ဆွေးနွေးရေး၊ မူလနေရာဆီကို အသက်ဘေးအန္တရာယ်ကို စိုးရိမ်ခြင်းကြောင့် မပြန်လိုချင်ကြသော စစ်ဘေးရှောင်ပြည်သူများကို နေထိုင်လိုသောနေရာတွင် မြေလွတ်မြေရိုင်းနေရာများ၌ နေရာချထားပေးရေးနဲ့ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရေးသည် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် လမ်းစတစ်ခုဖြစ်ခြင်းကြောင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် အလေးအနက်ထား ဆောင်ရွက်ပေးဖို့ စတဲ့ အချက် (၅) ချက်ဖြင့် တောင်းဆိုတိုက်တွန်းထားပါတယ်။