မြန်မာအစိုးရကျောင်း သတ္တမတန်းသင်ရိုးညွန်းတမ်းတွင် ကချင်လူမျိုးများရဲ့ သမိုင်း၊ အခေါ်အဝေါ်များကို မှားယွင်းစွာဖော်ပြပါရှိနေတာကြောင့် ယခုလိုပြဌါန်းဖော်ပြမှုမလိုလားကြောင်း ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ပါတယ်။ ကချင်လူမျိုးများရဲ့ သမိုင်း၊ အမည်နာမ အခေါ်အဝေါ်များကို သင်ကြားခံယူမည့်သူများကို လည်း မှားယွင်းသော သမိုင်းနှင့် အခေါ်အဝေါ်များ မသင်ကြားပေးစေချင်သလို မှန်ကန်သောသမိုင်းနှင့်အခေါ်အဝေါ်များဖြင့်သာ သားသမီးများကို သင်ကြားစေလိုခြင်းကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ “မှားယွင်းစွာပဲ သင်ကြားသွားမယ်ဆိုရင် နောင်မျိုးဆက်တွေလည်း ဒီလိုပဲသိသွားပြီးတော့ ကချင်လူမျိုးရဲ့ရှေ့ရေးမှာ မကောင်းတဲ့လူမျိုးတွေဖြစ်သွားပြီးတော့ ကျတော်တို့ရဲ့ ပေါင်းစည်းနေမှုမှာလည်း ဆိုးကျိုးတွေပဲ ရှိလာမှာဖြစ်တာကြောင့် ကချင်လူမျိုးတွေအနေနဲ့လည်း မှားခြင်း မှန်ကန်ခြင်းများကို အစဉ်အမြဲလေ့လာပြီး အားလုံးအတူတကွပြုပြင်သွားကြရအောင်” လို့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူး ဆရာအင်ခွန်တန်ဂွမ်းက အခုလိုပြောပါတယ်။ ယခုလို မှားယွင်းစွာဖော်ပြနေမှုကို ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့အပြင် အခြားသော ကချင်အဖွဲ့အစည်းတွေကလည်း မလိုလားကြောင်းနဲ့ မှန်ကန်စွာ ပြန်လည်ဖော်ပြပေးကာ ကလေးများကို သင်ကြားပေးဖို့ အားလုံးက လိုလားနေကြတာဖြစ်ပါတယ်။