ကချင်လူငယ်တစ်ဦး လက်ကြိုးချည်အနေအထားဖြင့် သတ်ဖြတ်ခံရ

ဖားကန့်မြို့ ဂွေခါကျေးရွာ ရတနာကြယ်ကုမ္ပဏီလုပ်ကွက်ဟောင်းတွင် ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ ညနေ ၂ နာရီခန့်တွင် လုပ်ကွက်ဟောင်းရေကန်တွင် သတ်ဖြတ်ထားခြင်းခံရတဲ့ လူငယ်တစ်ဦးရဲ့ ပုပ်ပွနေတဲ့ ရုပ်အလောင်းတစ်ခု ထွက်ပေါ်လာခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

ကျောက်စိမ်းလုပ်ကွက်ဟောင်းရေကန်တွင် သတ်ဖြတ်ထားခံရသူတဲ့ လူငယ်က ဂွေခါကျေးရွာရှိ ဦးဝါရာနော်ရဲ့ သား မောင်ဝါရာမုန်ထွယ်အောင် (အသက် ၁၈) နှစ်အရွယ်ဖြစ်ကာ သူငယ်ချင်းအပေါင်းအပါများနဲ့ ပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်နေတာဖြစ်ပြီး ဇူလိုင် ၁၉ ရက်နေ့မှာတော့ ကျောက်ကျင်းအစောင့်တာဝန်ယူနေစဉ် နေအိမ်ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ထိုလူငယ်နေအိမ်ပြန်မရောက်လာခြင်းကြောင့် မိဘဆွေမျိုးများက သူငယ်ချင်းများထံ ရှာဖွေမှုလုပ်နေစဉ် ဇူလိုင် ၂၂ ရက်နေ့မှာတော့ အလောင်းကို ကြိုးချည်ထားတဲ့ အနေအထား၊ ဒဏ်ရာများစွာဖြင့် သေဆုံးနေတာကို တွေ့ရှိခဲ့ကြရတာဖြစ်ပါတယ်။

မောင်မုန်ထွယ်အောင်ကို မည်သူများက ရိုက်နှက်သတ်ဖြတ်ခဲ့တာကို အတိအကျမသိရှိရသေးကာ သက်ဆိုင်သူများက ရှာဖွေစုံစမ်းမှုလုပ်ဆောင်နေကြောင်း သိရပါတယ်။

သေဆုံးသွားတဲ့ လူငယ်ကိုတော့ ဇူလိုင် ၂၃ ရက်နေ့တွင် အသုဘချမှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ထိုကုမ္ပဏီလုပ်ကွက်တွင် ယခင်နှစ်ကလည်း ကျောက်ကျင်းနဲ့ပတ်သက်ပြီး သတ်ဖြတ်မှုအထိရှိခဲ့တဲ့ ပြဿနာရှိခဲ့ဘူးကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*