ကချင်လူငယ်တစ်ဦး ဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံး

မူဆယ်ခရိုင် ၁၀၅မိုင်ရှိ ရတနာမိုးဆီဆိုင်အနီးတွင် လမ်းလျှောက်နေတဲ့ ကချင်လူငယ်တစ်ဦး ဓားထိုးမှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

သေဆုံးသွားတဲ့ လူငယ်က ဒလွန်ကျေးရွာမှ မောင်ကွမ်ထပ်လနူး အသက်(၂၄)နှစ်အရွယ် လူငယ်ဖြစ်ကာ ဩဂုတ် ၂၆ ရက်နေ့က ညနေပိုင်း ၆ နာရီအချိန်တွင် လမ်းလျှောက်နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသား (၄)ဦးက နောက်ကျောမှ ဦးခေါင်းကို ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားကာ ဓားဒဏ်ရာပြင်းထန်တာကြောင့် အခင်းဖြစ်ပွားရာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါတယ်။

သူအဲ့လမ်းပေါ်မှာ ရှိနေချိန်မှာပဲ ဆိုင်ကယ်စီးလာတဲ့ လူလေးယောက် ဖြတ်လာပြီး အဲ့မှာတစ်ခါတည်း ဓားနဲ့ ဦးခေါင်းကိုခုတ်ထစ်လိုက်တာတဲ့ သူတို့ကတော့ လည်ပင်းကိုခုတ်တာနေမှာ အဲ့ဒါကို ခေါင်းကိုလာထိတော့ ဒဏ်ရာကြီးတော့ ပွဲချင်းပြီးအဲ့နေရာမှာတင် သေဆုံးသွားတာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အသတ်ခံလိုက်ရတဲ့ လူငယ်ရဲ့ ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာက စစ်ဆေးမှုတွေပြုလုပ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်မှာတော့ မြုပ်နှံမှုပြုလုပ်ကာ ၂၈ ရက်နေ့မှာတော့ ဆုတောင်းခြင်းပြုလုပ်ခဲ့ပါတယ်။

မောင်ကွမ်ထပ်လနူး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့သက်ဆိုင်ပြီး ကျူးလွန်သူများကို အတိအကျသိရှိရခြင်းမရှိပေမယ့် ရတနာမိုးဆီဆိုင်ရှိ လုံခြုံရေးကင်မရာများကို စီစစ်ပြီး ဒေသရဲများနဲ့ အုပ်ချုပ်ရေးမှူးများက ရှာဖွေဖော်ထုတ်မှုတွေ လုပ်ဆောင်နေပါတယ်။

Leave a Reply

*