ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်ရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံ တည်ဆောက်နေမှုကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားထားခြင်းမှ ပြန်လည်စတင်နိုင်ဖို့ ဇွန်လ ၂ ရက်နေ့က အဖွဲ့ချုပ်အနေဖြင့် အစည်းအဝေးလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ကချင်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုသမိုင်း၊ စာပေများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ကချင်လူမျိုးစုအားလုံးက တစ်ခုတည်းဖြစ်တယ်ဆိုတာကို ရည်ရွယ်ပြီး ရိုးရာယဉ်ကျေးမှုအဆောက်အအုံကို တည်းဆောက်ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။ “ကျတော်တို့က တစ်ခုတည်းသောကချင်လူမျိုး၊ ကချင်လူမျိုးစုအားလုံးက တစ်ခုတည်းပဲဆိုတာကို သိရှိစေဖို့ အဓိကထားလျက်လုပ်ဆောင်နေခြင်းဖြစ်တယ်” လို့ ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒူဝါထိန်နန်ယော်ဆမ်က ဆိုပါတယ်။ အဆောက်အအုံကိုတော့ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအနီး လေးထပ်ဆောင်အဖြစ်တည်ဆောက်မှာဖြစ်သလို အဲ့ဒီအဆောက်အအုံထဲတွင် ကချင်လူမျိုးအချင်းချင်း ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက ဆုံးဖြတ်ပေးမည့်နေရာနဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြခန်းအပြင် စာပေနှင့်သက်ဆိုင်တဲ့အရာများကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်ရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံကို လွန်ခဲ့သော ၂၀၁၈ ခုနှစ်ကတည်းက တည်ဆောက်လာခြင်းဖြစ်ကာ ၂၀၂၀ ခုနှစ်မှာ တည်ဆောက်ပြီးစီးဖို့ စီစဉ်ဆောင်ရွက်ထားတာပဲ ဖြစ်ပါတယ်။