ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်ရုံးခန်း တည်ဆောင်နေမှုပြီးမြောက် အဆုံးသတ်နိုင်ဖို့ ငွေကြေးလိုအပ်ချက်အချို့ရှိနေသေးကာ ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားခဲ့ရပေမယ့် ဇွန်လကစတင်ပြီး ပြန်လည်တည်ဆောင်ခြင်းကို ပြုလုပ်နေကြောင်း အဖွဲ့ချုပ်ခေါင်းဆောင် ဒူဝါထိန်နန်ယော်ဆမ်ကပြောထားပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက တည်ဆောက်လာတဲ့ ဒီအဆောက်အဦးကို ၂၀၂၀ နှစ်ကုန်ပိုင်း ပြီးမြောက်ဖို့ လျာထားခြင်းဖြစ်ပေမယ့် လက်ရှိမှာတော့ ငွေကြေးလိုအပ်ချက်တွေရှိနေခြင်းကြောင့် နှောင့်နှေးသွားမည်ကို စိုးရိမ်နေရပါတယ်။
“အခုပြီးမြောက်တဲ့အပိုင်းတော့ရောက်နေပေမယ့် ကိုဗစ်အချိန်ဖြစ်တာကြောင့် အကုန်လုံးက အခက်ကြုံနေရတော့ လက်ရှိမှာ သိန်း ၂ ထောက်နီးပါးလောက်လိုအပ်နေတောကြောင့် ရိုးရာယဉ်ကျေးမှုကို မြင့်တင်နိုင်ဖို့အတွက် စုပေါင်းထည့်ဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ အဖွဲ့ချုပ်ခေါင်းဆောင်ကပြောပါတယ်။
ကချင်လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ သမိုင်းကြောင်းများကို ပိုမိုတိုးတက်လာဖို့ ရည်ရွယ်ပြီး ဒီအဆောက်အဦးကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအနီးတွင် လေးထပ်အဖြစ် တည်ဆောက်နေခြင်းဖြစ်ကာ ကချင်လူမျိုးအချင်းချင်းကြား ပြဿနာများကို ဖြေရှင်းသွားနိုင်ဖို့ ရိုးရာယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ ပြခန်းတွေကို ထားရှိသွားမှာဖြစ်ကာ စာပေနဲ့ပတ်သက်ပြီးတော့လည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။