ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်ဆီ ကချင်ပုံပြင်စာအုပ်အပ်နှံ

ကချင်ပြည်နယ်တစ်ဝန်းရှိ အစိုးရကျောင်းများတွင် သင်ကြားနိုင်ဖို့ ထုတ်လုပ်ထားတဲ့ ကချင်လူမျိုးများရဲ့ ပုံပြင်ကို ရုပ်ပြအဖြစ်ဖန်တီးထားတဲ့ ပုံပြင်စာအုပ် ၄၈၀၀ ကို ပြည်နယ်အစိုးရက ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်ကို ဇူလိုင် ၂၃ ရက်နေ့က အပ်နှံခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အစိုးရကျောင်းများတွင် ကချင်လူမျိုးများလက်ဆင့်ကမ်းလာတဲ့ ပုံပြင်များ ကလေးများသိရှိစေဖို့ ရည်ရွယ်ပြီး တစ်တန်း နဲ့ နှစ်တန်းများတွင် သင်ကြားပေးမှုပြုလုပ်ခဲ့ကာ လက်ရှိမှာတော့ စာပေအဖွဲ့ချုပ်အနေဖြင့် အတန်းတိုးပြီးသင်ကြားနိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။

“လူမျိုးကြီးတစ်ခုဖြစ်တည်လာဖို့ စာပေက အင်မတန်အရေးကြီးတာကြောင့် ကချင်စာပေတိုးတက်ဖြစ်ထွန်းလာဖို့ အားလုံးအတူတကွ အားပေးကူညီကြပါစို့” လို့ ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒူဝါထိန်နန်ယော်ဆမ် ကပြောပါတယ်။

အစိုးရက ပေးအပ်ခဲ့တဲ့ ပုံပြင်စာအုပ် ၄၈၀၀ ကို ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်အနေဖြင့် ကချင်စာပေးသင်ကြားတဲ့ စာသင်ကျောင်းများဆီကို ပို့ဆောင်းပေးသွားမှာဖြစ်ကာ ကချင်ပြည်နယ်အတွင်း တစ်တန်းနှင့်နှစ်တန်း ကျောင်းသားဦးရေ ၃ သောင်းကျော်ရှိတာဖြစ်ပါတယ်။

ဒီရုပ်ပြပုံပြင်စာအုပ်ကိုတော့ UNICEF က ငွေကုန်ကြေးကျခံ ဦးစီးဦးဆောင်ပြီး တာဝန်ယူလုပ်ဆောင်ပေးခြင်းဖြစ်ကာ အစိုးရအနေဖြင့် ပုံနှိပ်ခြင်းလုပ်ဆောင်တာဖြစ်ပြီး စာအုပ်အရေအတွက်လိုအပ်ချက်ရှိနေသေးတာကြောင့် စာပေအဖွဲ့ချုပ်နေဖြင့် အစိုးရဆီ ပြန်လည်တောင်းခံသွားဖို့ ရှိနေပါသေးတယ်။

Leave a Reply

*