ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်ကို KIAနဲ့ PDFတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာအနီး ဇူလိုင်လာ ၄ ရက်နေ့ ညနေ ၁၁ နာရီခန့်တွင် အာဏာသိမ်းစစ်တပ် တပ်မ (၈၈) အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၁၂)နဲ့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်များက ကျေးရွာအနီး ကင်းပုန်းဝပ်နေရာယူနေစဉ် KIAနဲ့ SPDF ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ရွှေကူမြို့မရဲစခန်းကိုလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်း ကောလင်းမြို့အနီး ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ယာဉ်တန်းနဲ့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၂ နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ယာဉ် ၂ စီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်အင်အား လက်နက်ခဲယမ်းများ ဖြည့်တင်းမှုတွေ ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် အမြဲလုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပါတယ်။

Leave a Reply

*