ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၁) နယ်မြေ မရန့်ကထောင်နဲ့ မကော့ဇွပ်ကြား မေလ ၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်တွင် ဒွန်ဘန်ကျေးရွာကနေ တနိုင်းမြို့ဘက် စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်တပ်ကို ကေအိုင်အေတပ်များက ကြားဖြတ် စောင့်ကြိုတိုက်ခိုက်တာကြောင့် အချိန်အတန်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်မှာလည်း သျှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) နယ်မြေရှိ ရဲဘုံတွင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သလို ကေအိုင်အေ တပ်မဟာ (၁၀) တပ်ခွဲ (၃၉) နယ်မြေ နမ့်ဘာခီပါဂျူ တဝိုက်တွင် မနက် ၉ နာရီခွဲအချိန်ခန့် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ကောင်စီဘက်မှ ဧပြီလကတည်းကစပြီး နေ့စဉ်နေ့တိုင်း လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်တဲ့ ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း ၂၅ နယ်မြေ အလော့ဘွမ်နဲ့ ဆလောင်းကုန်းအနီးဝန်းကျင်တွင် မေလ ၇ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ကနေ ညနေ ၇ နာရီခွဲအချိန်ထိ ဂျက်တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို တိုက်ပွဲဖြစ်ပွားမှုတိုင်းတွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ လုပ်ဆောင်ပြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ကျေးရွာတွင်း နေအိမ်အချို့တွင် ကျရောက်ပေါက်ကွဲမှုတွေရှိပြီး အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးရမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့သလို မိုးမောက်မြို့နယ်ရှိ ကျေးရွာ ၁၆ ရွာမှ ဘေးလွတ်ရာ ၃၄ နေရာဘက်ကို အရပ်သား ၅ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။