ကချင်ပြည်နယ်တလွှား အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲဆက်ဖြစ်ပွား

ဖားကန့်လမ်းပေါ်ရှိ ခွမ်ဆိုင်ကျေးရွာအနီးတွင် ဧပြီ ၁၄ ယနေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း (၄၄) ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင် သိရပါတယ်။

စစ်ကောင်စီတပ်များက နန့်ယားကျေးရွာကနေ ဖားကန့်လမ်းဘက် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာချိန် ခွမ်ဆိုင်ကျေးရွာအနီးအရောက်တွင် ကေအိုင်အေ တပ်ရင်း (၄၄) နဲ့ ထိပ်တိုက်တွေ့ဆုံမိပြီး နှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့သလို ဗန်းမော်မြို့တွင်လည်း စစ်ကောင်စီတပ်များက စစ်အင်အားပို့ဆောင်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အလော့ဘွမ်မှာလည်း ယနေ့နေ့လည် ၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်ကောင်စီမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲခြင်းတွေပြုလုပ်ခဲ့ကာ ဧပြီ ၁၃ ရက်နေ့တွင်လည်း ထိုနေရာအနီးတွင် စစ်ကောင်စီတပ်နဲ့ကေအိုင်အေကြား တိုက်ပွဲပြင်းထန်ခဲ့ကာ ၄ ရက်ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ အလော့ဘွမ်တောင်ခြေတိုက်ပွဲတွင် တပ်ရင်းတစ်ခုလုံး ကျဆုံးမှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

ယမန်နေ့ ဧပြီ ၁၃ ရက်နေ့က ကေအိုင်အေတပ်မဟာ (၁) တပ်ရင်း (၇) နယ်မြေဖြစ်တဲ့ အင်ဆိုင်ယန်နဲ့ ဆွမ်ပီယန်ကျေးရွာကြားတွင်လည်း ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်ကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီမှ ဧပြီလအတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲထားမှာဖြစ်ကြောင်း ကြေညာထားပေမယ့် ကေအိုင်အေနယ်မြေဘက်တွင် စစ်ရေးတိုးမြင့်မှုတွေ စစ်အင်အားဖြည့်တင်းမှုတွေနေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားဖို့ရှိနေပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုတွေလုပ်ဆောင်နေကာ ဧပြီ ၁၃ ရက်နေ့တွင်လည်း ကေအိုင်အိုဌာနချုပ်နယ်မြေ ခရာဘွမ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များက မုန်လိုင်ခက်ဘက်ကို တ၈၁-မမ ဖြင့် တကြိမ်ပစ်ခတ်ခဲ့ကာ ဆမာ့တွင် တပ်စွဲထားတဲ့ တပ်ကလည်း ဖာ့လပ်ဘွမ်ဘက်ကို ၁၂၀-မမ ဖြင့် ၂ ကြိမ်ပစ်ခတ်ခဲ့ပါတယ်။

ထို့ပြင် ရှန်ခေါင်ဘွမ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်မှ လုံရော့တပ်စခန်းဘက်ကို ၈၁-မမ၊ ၆၀-မမ များဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့တာကြောင့် ကေအိုင်အေဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ဖားကန့်မြို့တွင်လည်း စစ်ကောင်စီတပ် ခမရ (၁၁၆)နဲ့ အမှတ် (၂၈) ရဲတပ်ဖွဲ့တို့ လက်နက်ငယ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အပစ်မဲ့ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Leave a Reply

*