ဇန်နဝါရီ (၁၀) ရက်နေ့တွင် ကျရောက်တဲ့ ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ဖြင့် မြစ်ကြီးနားမြို့တွင်ရှိတဲ့ လူငယ်အဖွဲ့အစည်း (၆) ဖွဲ့ဦးဆောင်ပြီး ကြိုဆိုခြင်းအခမ်းအနားလုပ်ဆောင်ရာတွင် ကချင်ပြည်နယ်ခေတ်မှီဖွံ့ဖြိုးတိုက်တက်လာဖို့ ကချင်ပြည်နယ်တွင်ရှိတဲ့ မျိုးနွယ်စုတိုင်းတွင် တာဝန်ကိုယ်စီရှိတာနဲ့အညီ ငြိမ်းချမ်းပြီးသာယာတိုးတက်လာဖို့ ကြိုးစားအားထုတ်ပါဝင်လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

(၇၃) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ JLH အဖွဲ့ချုပ်၊ Kachin National Youth Network ၊ All Kachin Youth Union (AKYU), Ram Hkye, Kachin State Youth Afair Komiti စတဲ့အဖွဲ့များက ဦးဆောင်ပြီး ကျင်းပခဲ့ခြင်းဖြစ်ကာ ကချင်ပြည်နယ်တွင်နေထိုင်ကြတဲ့ မျိုးနွယ်စုတိုင်း ကိုယ်နေထိုင်ရာဒေသတိုးတက်ဖွံ့ဖြိုးလာဖို့ အားထုတ်ကြိုးပမ်းရမှာဖြစ်တယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဆရာမဆွတ်ဆိုင်းထွယ်ကပြောပါတယ်။
လူငယ်များအနေဖြင့် ကချင်ပြည်နယ်တိုးတက်လာရေးတွင် ဘက်ပေါင်းစုံတွင် လူငယ်များပါဝင်နိုင်ရေးနဲ့ ကချင်ပြည်နယ်ကို ဘယ်လိုဘယ်ပုံဖြစ်တည်စေချင်ကြောင်း၊ လိုချင်ကြောင်းစတဲ့ အမြင်များကိုလည်း ကောက်ခံစုစည်းပြီး ကြေညာချက်ထုတ်ပြန်မှုတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
မြစ်ကြီးနားမြို့ရှိလူငယ်များအနေဖြင့် ၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအနေဖြင့် စက်ဘီးစီးခြင်း၊ ကချင်ပြည်နယ်နေ့ဖြစ်ပေါ်လာတဲ့ သမိုင်းဓာတ်ပုံပြသခြင်းများနဲ့ ဦးဆောင်ဦးရွက်ခဲ့ကြတဲ့ခေါင်းဆောင်များရဲ့ ဓာတ်ပုံများပြသခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။
ဒါ့အပြင် ကချင်ပြည်နယ်နေ့အခမ်းအနားများကို အသင်းတော်အသီးအသီး၊ စစ်ဘေးရှောင်စခန်းများနဲ့ နေအိမ်အချို့တွင် ကချင်အလံတော်ကို လွင့်ထူဂုဏ်ပြခြင်းများနဲ့အတူ ဆုတောင်းခြင်းများကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။